Tuesday, June 11, 2013

တယ်လီကွန်းလိုင်စင် ရရှိပါက ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို တယ်လီကွန်း ကုမ္ပဏီကြီးများ အပြိုင်အဆိုင် ပြောကြား (first-11.com)

Source : Eleven Media



မြန်မာနိုင်ငံတွင် တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် လိုင်စင်ရရှိပါက ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို လိုင်စင်လျှောက်ထားသည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင် ပြောကြားလျက် ရှိကြသည်။

ထိုသို့ ပြောကြားလျက် ရှိရာတွင် Digicel ကုမ္ပဏီက ၎င်းတို့ လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဆိုသည်။

France Telecom Orange ကုမ္ပဏီကတော့ ၎င်းတို့ လိုင်စင်ရရှိလျှင် ဆက်သွယ်ရေး တာဝါတိုင်များထောင်ရန် ဒေါ်လာ ၁ ဘီလျံ သုံးစွဲသွားမည်ဟု ပြောကြားထားသည်။


ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် QTel (Ooredoo) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည်။


အဆိုပါ ရင်းနှီးမြှုပ်နှံမှု ငွေကြေးများကို ဆက်သွယ်ရေး တာဝါတိုင်များ ဆောက်လုပ်ရန်နှင့် အခြားဆက်သွယ်ရေးနှင့် ဆက်စပ်ဝန်ဆောင်မှုများ ပေးအပ်ရန်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ MTN ရဲ့ ဖုန်းလိုင်းကို သုံးစွဲသူပေါင်း ၁၉၅ ဒသမ ၄ သန်းကျော် ရှိထားပါတယ်။ ဒါ့ကြောင့် မြန်မာရွေးချယ်ရေး အဖွဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်နဲ့ ကျွန်တော်တို့ရဲ့ နောက်ကြောင်းမှတ်တမ်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ သင့်တာကို တွေ့မှာပါ။ ကျွန်တော်တို့ လုပ်ကိုင်ခဲ့ရတဲ့ အချို့ဈေးကွက်တွေက မြန်မာနိုင်ငံနဲ့ အတော်ကြီးကို ဆင်တူပါတယ်" ဟု MTN မှ နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးမှုဌာန၏ အထွေထွေမန်နေဂျာ Mr. Simphiwe Cele က ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် Telenor ကုမ္ပဏီကလည်း မြန်မာနိုင်ငံနှင့် ဆင်တူသော ဈေးကွက်ရှိသည့် ထိုင်းနိုင်ငံတွင် ဈေးကွက်ဝေစု ၃၅ ရာခိုင်နှုန်းခန့် ရရှိထားပြီး အောင်မြင်မှုများ ရရှိထားသဖြင့် အဆိုပါ အတွေ့အကြုံများကြောင့် လိုင်စင်ရရှိရန် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။
   
ထိုသို့ ဆက်သွယ်ရေး ကုမ္ပဏီကြီးများအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်နေသဖြင့် တကယ်တမ်း လိုင်စင်ရရှိပါက ၀န်ဆောင်မှုများကို အပြိုင်အဆိုင်ပေးရန် မြန်မာပြည်သူများက မျှော်လင့်လျက် ရှိကြသည်။
အဆိုပါ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ ၁၁ ခုမှာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရန် စောင့်ဆိုင်းလျက် ရှိကြပြီး ဇွန် ၂၇ ရက်တွင် လိုင်စင်ရရှိမည့် ကုမ္ပဏီနှစ်ခုကို ကြေညာမည်ဖြစ်သည်။

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.